Mar 11, 2019

ကားဂိတ် - မြင့်သန်း

ကျွန်တော် အနားယူတော့မယ်လို့ စဉ်းစားတော့ ကျွန်တော့်နေရာကို ဆက်ခံမယ့်လူကို ရှာရတယ်။ ကျွန်တော့်တပည့်တွေထဲက တစ်ယောက်ယောက်ကို ရွေးရမှာပဲ။ ရွေးတယ်ဆိုတာကလည်း တက္ကသိုလ်ရဲ့ မူအရ။ အနားယူမယ့် ပါမောက္ခက သူ့နေရာအတွက် သင့်တင့်တဲ့ လူတစ်ယောက်ယောက်ရှာပြီး တက္ကသိုလ်ရဲ့ ကောင်စီကို အဆိုပြုရုံပဲ။ အဆိုပြုစရာ လူမရှိကာမှ တခြားမှာ လိုက်ရှာရတာ။ ကျွန်တော်တို့မှာက ဘွဲ့ကြိုသင်တန်းတွေကို သင်တာမျိုး မရှိဘူး။ ဘွဲ့လွန်နဲ့ သုတေသနလုပ်နေတဲ့ လူတွေလောက်ပဲ ရှိတယ်။ ကြီးကြီးကျယ်ကျယ်ပြောမယ်ဆိုရင်တော့ အသိပညာချင်း ဖလှယ်ကြတဲ့လူတွေရဲ့ ရပ်ဝန်းပဲ။ ကျွန်တော့်တုန်းကလည်း ကျွန်တော့်ဆရာက ရွေးတာပဲ။ သူ အနားမယူခင် နှစ်နှစ်လောက်ကတည်းက ကျွန်တော့်ကို ရာထားတာ။ အဲဒီကတည်းက ကျွန်တော်လည်း ကျွန်တော့်ဆရာအလုပ်တွေကို တွဲလုပ်ရတယ်။ တွဲလုပ်ရရုံမကဘူး သွားအတူ လာအတူ သဘောမျိုးနေရတယ်။
ကျွန်တော် သဘောအကျဆုံးကတော့ ညနေတိုင်း လမ်းလျှောက်ထွက်တဲ့အခါပဲ။ ပါမောက္ခတွေအတွက် ပေးထားတဲ့ အိမ်ကလေးဆီကနေ ဆရာကြီးက ထွက်လာတာကို ကျွန်တော်က သစ်ပင်အုပ်ကလေးတွေအောက်ဆီက ခုံတန်းကလေး တစ်ခုကနေ ထိုင်ရင်း စောင့်လေ့ရှိတယ်။ လေးနာရီ လေးနာရီခွဲလောက် ရှိမယ်။ နောက်တော့ သစ်ပင်အုပ်ကလေးအောက်က ဖြတ်လျှောက်ပြီး တက္ကသိုလ်ဝင်းရဲ့ အပြင်ဘက်ဆီ ထွက်ပြီး ရေကာတာ လုပ်ထားတဲ့ တာရိုးဘောင်ပေါ် တက်တယ်။ အဲဒီကနေ တာရိုးအတိုင်း အနောက်ဘက်တည့်တည့် လျှောက်ကြတယ်။ ကျွန်တော့်ဆရာမှာ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း ထီးတစ်လက်ပါတယ်။ များသောအားဖြင့် ဖွင့်ဆောင်းရတယ်လို့တော့ မရှိခဲ့ဘူး။ ကျွန်တော်ကလည်း ဘာလို့ ဆရာကြီးလက်ထဲမှာ ထီးကိုင်လာတယ်ဆိုတာကို တစ်ခါမှ မေးမကြည့်မိခဲ့ဖူးဘူး။ တာရိုးဆုံးတော့ ခုံတန်းကလေးတွေ ရှိတယ်။ တချို့က ရေကာတာဘက်ကို လှည့်ထားတယ်။ တချို့က ရေကာတာရဲ့ ဆန့်ကျင်ဘက်က ကားလမ်းဘက်ဆီ လှည့်ထားတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကြီးကတော့ ကားလမ်းဘက်ဆီ လှည့်ထားတဲ့ ထိုင်ခုံကလေးတွေမှာ ထိုင်လေ့ရှိကြတယ်။ ထိုင်ရင်း အောက်ဘက်မှာ သွားလာနေကြတဲ့ ကားတွေ လူတွေကို ငေးရင်း ဟိုအကြောင်း ဒီအကြောင်း ပြောလေ့ရှိကြတယ်။ တစ်ခါတလေတော့လည်း ခွေးနဲ့ လမ်းလျှောက်ထွက်လာတဲ့ မိန်းမ လှလှကလေးတွေကို ငေးကြည့်မိတတ်ကြတယ်။ တစ်ခါတလေ ဆရာကြီးပါးစပ်ထဲက ချစ်စရာအကောင်းသားလို့ ထွက်လာတယ်။ ခွေးကလေးကို ရည်ရွယ်ပြီး ပြောတာပဲလို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်မိတယ်။ ခွေးပဲ ဘာချစ်စရာရှိတာမှတ်လို့လို့တော့ ကိုယ့်ဘာသာ စိတ်ထဲမှာ ပြောလိုက်မိတယ်။ ပြီးတော့မှ အော် . . ငါ့ဆရာကြီးခမျာ ခွေးကလေး ကြောင်ကလေးကို ချစ်တတ်တဲ့အရွယ် ရောက်သွားပါပကောလို့ပဲ တွေးလိုက်မိတယ်။ အဲဒီတုန်းကတော့ ကျွန်တော် ကိုယ်တိုင်ကလည်း သန်တုန်းမြန်တုန်း ငါးဆယ့်သုံးဆိုတာလောက်ပဲ ရှိသေးတာကိုး။ ချစ်ရင်းချစ်တော့ လူပဲ ချစ်တော့မှာပေါ့။ လူတွေကို မချစ်နိုင်တော့မှပဲ တိရစ္ဆာန်ကို ချစ်ကြည့်ရမှာပဲ။ အဲဒီတုန်းကတော့ အဟိတ်တိရစ္ဆာန်ဆိုတာကို လူကချစ်တယ်ဆိုတာ သိပ်တော့ အဓိပ္ပာယ်မရှိလှဘူးလို့ ထင်ခဲ့တာပဲ။


ကျွန်တော်နဲ့ ကျွန်တော့်ဆရာကြီးတို့ အဲဒီမှာထိုင်ရင်း များသောအားဖြင့် အောက်ဘက်မလှမ်းမကမ်းနားဆီက ကားဂိတ်ဆီကို လှမ်းပြီးကြည့်နေမိတတ်မိတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ အဲဒီတုန်းကလည်း မသိခဲ့ဘူး။ ခုလည်း မသိသေးဘူး။ တစ်ခါတလေတော့ ဆရာကြီးက သက်ပြင်းချရင်း ကားဂိတ်အကြောင်း ပြောပြတယ်။ ပိုပြီး သေသေချာချာပြောရရင်တော့ အတိတ်တုန်းက ခုမြင်နေရတဲ့ ကားဂိတ်အကြောင်းပဲ။ ဆရာ ပါမောက္ခ မဖြစ်ခင်က ကားဂိတ်ဟာ ခုလို မဟုတ်ဘူး။ သစ်ပင်အုပ်ပဲ ရှိသေးတယ်။ ခုတော့ ကားစောင့်တဲ့လူတွေအတွက် အမိုးအကာနဲ့ အခိုင်အခန့်ပဲ။ ဒါတင် ဘာဟုတ်သေးလဲ။ ရေကာတာကြီးရဲ့ ဘောင်က ခုလို လမ်းလျှောက်ကောင်းလောက်အောင် ကျောက်ပြားတွေ ဘာတွေ ခင်းမထားသေးဘူး။ ခု ဆရာတို့ ထိုင်နေတဲ့ ခုံတန်းကလေးတွေလည်း မရှိသေးဘူး။ ခုလို မင်းနဲ့ဆရာ လမ်းလျှောက်သလိုပဲ ဆရာလည်း ဆရာ့ဆရာကြီးနဲ့ ညနေတိုင်း လမ်းလျှောက်ထွက်လေ့ ရှိတယ်။ ဒီနားရောက်တဲ့အခါ ရေကာတာတည်စဉ်က လှဲထားခဲ့တဲ့ သစ်ပင်ငုတ်တိုတွေပဲ ရှိတယ်။ အဲဒီအပေါ်မှာ ဆရာတို့ ထိုင်ကြတယ်။ ဘာမှလည်း သိပ်ကြည့်စရာမှ မရှိဘဲကိုး။ ဒီတော့ လမ်းမဘက်ကိုလှည့်ပြီး အဲဒီကားဂိတ်ကလေးကိုပဲ ကြည့်ရတယ်။ အဲဒီတုန်းကဆို ကားလမ်းက ခုလောက် မကျယ်သေးဘူး။ ဒါပေတဲ့ ကားစောင့်တဲ့ လူတွေကတော့ အမြဲလိုပဲ ရှိနေကြတယ်။ စနေ တနင်္ဂနွေလို နေ့မျိုးမှာတောင် ကားဂိတ်မှာ ကားစောင့်တဲ့လူတွေ ရှိနေတတ်တယ်။ ဘတ်(စ)ကားမျိုးစုံတော့ ရပ်တာပဲ။ ဒါပေတဲ့ စောင့်နေတဲ့လူတွေက သူတို့ သွားချင်တဲ့ခရီးကိုသွားတဲ့ ဘတ်(စ)ကားကိုမှ စီးကြတာဆိုတော့ ကားလာတိုင်း ကားပေါ်ကို စောင့်နေတဲ့လူတွေ အကုန်လုံး မတက်ကြဘူး။ လာတဲ့ကားတိုင်းကလည်း ရပ်စောင့်နေတဲ့လူတွေအားလုံး သွားချင်တဲ့ခရီးအတွက် မဟုတ်ဘူး။ ဒီတော့ ကားဂိတ်မှာ ကားစောင့်နေတဲ့ လူတွေဟာ အမြဲရှိနေတတ်တယ်။ ဒါတောင် အဲဒီတုန်းကဆိုရင် ကားစောင့်တဲ့လူတွေအတွက် ခုလို ထိုင်စရာတွေဘာတွေ မရှိသေးဘူး။ သစ်တုံး၊ သစ်ငုတ်တို၊ အုတ်ခဲ အကျိုးအပဲ့တွေပေါ်မှာ ထိုင်စောင့်ရတာ။ မိုးရွာရင် ထီးဆောင်းပေါ့ကွာ။ ညနေတိုင်း ဆရာနဲ့ ဆရာ့ဆရာကြီးတို့ ဒီနားဆီက ထိုင်ပြီးကြည့်ရင်း ကြာလာတော့ သတိထားမိလာကြတယ်။ ဒီကောင်ကလေးတစ်သိုက်ကဖြင့် တံဆိပ်အပြာနဲ့ကားပေါ် တက်မှာ။ ဒီလူကတော့ဖြင့် တံဆိပ်အစိမ်းနဲ့ကားပေါ် တက်မှာ။ ဒီသူငယ်မကလေးကတော့ဖြင့် တံဆိပ်အနီနဲ့ကားပေါ် တက်မှာ။ တစ်ခါတလေတော့လည်း တံဆိပ်အနီနဲ့ကားပေါ် တက်နေကျ ကောင်ကလေးနဲ့ တံဆိပ်အစီမ်းပေါ် တက်နေကျ ကောင်ကလေးတို့ နှစ်ယောက်သား တံဆိပ်အစီမ်းကားပေါ် အတူတူ တက်သွားကြရော။ ဒီတော့ ဆရာတို့လည်း ဒီနားကထိုင်နေရင်း တွေးကြည့်ကြရတယ်။ သူတို့နှစ်ယောက်သား ဘယ်ကိုသွားကြမှာလဲ၊ ဘာဖြစ်လို့လဲ၊ ဘာလုပ်ကြမှာလဲ . . စသဖြင့် အမျိုးစုံ တွေးကြည့်ကြတာပဲ။ နောက်တစ်နေ့ရောက်တော့ သူတို့ အတူတူကားစီးကြသေးလား မစီးကြတော့ဘူးလား။ အပြာရောင်တံဆိပ်နဲ့ကားကိုစီးတဲ့ ကောင်ကလေးထဲက ဘယ်နှစ်ယောက်များ ဒီနေ့ ကားမစောင့်တာရှိသလဲဆိုပြီး ကြိုတွေးကြည့်မိကြတယ်။ တစ်နေ့တော့ ဆရာ့ဆရာကြီးက မေးတယ်။ လူတွေဟာ နေ့တိုင်းလို ကားဂိတ်မှာ ကားလာစောင့်တာ ဘယ်သွားတယ်လို့ မင်းထင်သလဲတဲ့။ ဆရာကတော့ ဘယ်ဖြေတတ်မှာတုန်း။ ပြုံးပဲနေလိုက်ရသတဲ့။




တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်ဆရာကြီးတို့နှစ်ယောက်သား ရေကာတာရဲ့ ဘောင်ပေါ်မှာထိုင်ရင်း ကားဂိတ်ဆီ ကြည့်နေကြတုန်း ဆရာကြီးက သူ့ဆရာကြီးက သူ့ကိုမေးတယ်ဆိုတဲ့မေးခွန်း ကျွန်တော့်ကို မေးတယ်။ လူတွေဟာ နေ့တိုင်းလို ကားဂိတ်မှာ ကားလာစောင့်တာ ဘယ်သွားတယ်လို့ မင်းထင်သလဲတဲ့။ ဆရာကြီးအနေနဲ့ သူ့ဆရာက သူ့ကိုမေးတဲ့ မေးခွန်းကို သတိရလို့ပဲလား မေ့သွားလို့ပဲလားဆိုတာတော့ ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော့်အနေနဲ့ ဘယ်လိုဖြေရမှန်းကို မသိလို့ ပြုံးပဲပြလိုက်မိတယ်။ ပြုံးတယ်ဆိုတာကလည်း အခက်သား။ အပြုံးထဲမှာ သာမန်အနက် သုံးထောင့်ခုနစ်ရာလောက် ပါနိုင်တယ်လို့ ပြောတာ ကြားဖူးတယ်။ ဘာမှန်းတော့ မသိဘူး။ ဆရာကြီးကလည်း သူ့ဘာသာ ခေါင်းညိတ်နေတယ်။ စနေ တနင်္ဂနွေဆိုရင် ကျွန်တော်တို့ အတော်ကလး မိုးချုပ်တဲ့အထိထိုင်ရင်း ကားဂိတ်ဆီ ငေးနေတတ်ကြတယ်။ ငေးရင်း တွေးရင်း ပြောကြတာကတော့ အစုံပဲ။ ဘာမှ အရေးပါလှတဲ့ အကြောင်းတော့ မရှိဘူး။ ထူးခြားတာ တစ်ခုကတော့ သောကြာနေ့ စနေနေ့ ညနေဘက်ဆိုရင် ဝတ်ကောင်းစားလှနဲ့ အမျိုးသမီး သုံး လေးယောက် ကားဂိတ်မှာ ကားလာစောင့်ကြတယ်။ သူတို့စီးတဲ့ကားက မြို့ထဲဆီသွားတဲ့ကား။ အဲဒီအခါမျိုးကျရင် ဆရာကြီးက အသာမေးထိုးပြရင်း မြို့ထဲက ဟိုတယ်မယ်ကလေးတွေ ထင်တယ်လို့ ပြောတတ်တယ်။ ဟုတ် မဟုတ် အာမ မခံရဲပေတဲ့တည်း ဖြစ်နိုင်ပါတယ် ဆရာကြီးလို့ပဲ ကျွန်တော်က ဖြေလေ့ရှိတယ်။ တစ်ခါတော့ ဘုရားရှစ်ခိုးကျောင်း သွားတာများလား မသိဘူးလို့ အရွှန်းဖောက်လို့တော့ ဆရာကြီးက ခဏကြာအောင် တွေးနေတယ်။ ပြီးတော့မှ ကောင်းတဲ့ဘက်က ရှာကြံတွေးတောတတ်တာဟာ တကယ်တော့ ခပ်ညံ့ညံ့လူတွေလုပ်တဲ့ အလုပ်မျိုးကွလို့ ပြောပြီးရယ်တယ်။ ကျွန်တော်လည်း ရောပြီးရယ်လိုက်မိတယ်။ ဆရာကြီးအနေနဲ့ အစာကြေလို လေညက်အောင် ရယ်စရာကလေး ဆိုလိုက်တာပဲလို့ ကျွန်တော်က သဘောထားလိုက်တယ်။ ကျွန်တော် ဘယ်ရွေ့ဘယ်မျှတော်ကြောင်း ဆရာကြီး သိပြီးသားပဲဆိုတာ ကျွန်တော် ယုံတယ်။ သူ့လိုတော်လို့ပဲ သူ့နေရာဆက်ခံဖို့ ကျွန်တော့်ကို ရာထားတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ လောကမှာက ဆင်ခြင်ခြင်းဆိုတာက အရာရာထက် အရေးကြီးတယ်။ ဆရာကြီးက ရယ်စရာအဖြစ် ပြောကောင်း ပြောလိုက်တာဖြစ်ပေမယ့် ကောင်းတဲ့ဘက်က ရှာကြံတွေးတတ်တာဟာ တကယ်တော့ ခပ်ညံ့ညံ့ လူတွေလုပ်တဲ့ အလုပ်မျိုးကွလို့ဆိုတဲ့ စကားကတော့ အမှန်ပဲ။ စနစ်တကျ ဆင်ခြင်တယ်ဆိုတာက ကောင်းဖို့ မကောင်းဖို့မှ မဟုတ်ဘဲ။ ဆင်ခြင်နည်းလမ်းတကျ ဖြစ်ဖို့ရာကသာ အခရာကိုး။


ဆရာကြီးအနားယူသွားတော့ မြို့ပြင်နားဆီ ပြောင်းသွားတယ်။ ဒါပေတဲ့ ကျွန်တော်နဲ့ အဆက်အသွယ် ရှိနေတုန်းပဲ။ ကျွန်တော်က သုံးလတစ်ခါလောက် ဆရာကြီးကို သွားတွေ့တယ်။ ပါမောက္ခဖြစ်လာတော့ ကျွန်တော့်မှာ တာဝန်တွေ ပိုလာတယ်။ တချို့ကိစ္စတွေက ကျွန်တော် လွယ်လွယ်နဲ့ မဆုံးဖြတ်တတ်ဘူး။ ဆရာကြီးဆီသွားပြီး အကူအညီတောင်းရတယ်။ ဆရာကြီးကို သွားတွေ့တိုင်း ပြန်ကာနီးဆိုရင် မင်း ကားဂိတ်ကလေးဘက် ရောက်သေးလားလို့ မေးတတ်တယ်။ တကယ်တော့ ရေကာတာဘောင်ပေါ်မှာ သွားထိုင်ဖြစ် သေးသလားလို့ မေးဖို့ကောင်းတာ။ ရေကာတာဘောင်ပေါ်မှာ သွားထိုင်ပြီးမှ ကားဂိတ်ဆီကို ကြည့်ကြတာ မဟုတ်လား။ အခုတော့ ဆရာကြီးမေးပုံက ကားဂိတ်ရှိနေတာက ရေကာတာရှိနေတာထက် အရေးကြီးနေတဲ့ပုံပဲ။ ကားဂိတ်ဘက် ရောက်ပါတယ်ခင်ဗျာ။ ကားဂိတ်ကတော့ ဒီအတိုင်းပဲ။ ကားစောင့်နေတဲ့လူတွေ ရှိနေတုန်းပဲ။ ဒါပေတဲ့ လောလောဆယ်မှာတော့ ကျွန်တော်လည်း ပါမောက္ခ ဖြစ်ကာစမို့ တစ်ယောက်တည်းပဲ အဲဒီဘက်ကို လမ်းလျှောက်ဖြစ်တယ်။ အဲဒီမှာ ထိုင်လိုက်တိုင်း ခေါင်းထဲမှာ သုံးပုံနှစ်ပုံလောက်က အလုပ်အကြောင်းပဲ တွေးနေမိတယ်လို့ ကျွန်တော်က ပြောပြလိုက်မိတတ်တယ်။ ဒီတော့ ဆရာကြီးက ဆရာ့တုန်းကလည်း အဲဒီလိုပဲလို့ ထောက်ခံတယ်။ ပြီးတော့ စိတ်ဝင်စားစရာတစ်ခု ပြောတယ်။ တစ်ယောက်တည်းထိုင်ပြီး တွေးတဲ့ငေးတဲ့အခါ မကောင်းတဲ့အချက် တစ်ခု ရှိတယ်ကွဲ့။ သာမန်အတွေးတွေဟာ စိတ်ကူးအဖြစ် ပြောင်းသွားပြီး လွင့်ပျံသွားတတ်တဲ့သဘော ရှိတယ်။ စိတ်ကူးအဖြစ် ပြောင်းသွားခဲ့ရင် ထိန်းလို့မရတော့ဘူး။ စိတ်ကူးဟာ အတွေးလိုမဟုတ်ဘူး။ သူ့မှာ ပိုင်းခြားသတ်မှတ်ထားတဲ့ အပိုင်းမပါဘူး။ နွားများ မြက်စားထွက်သလိုပေါ့ကွာ။ စည်းရိုးမရှိရင် အစာနောက်ကို နင်းလိုက်ကြတတ်တာကိုး။ ဒီတော့ တစ်ယောက်တည်းထိုင်ပြီး တွေးကြည့်လို့ စိတ်ကူးအဖြစ် ရောက်သွားရင် မျက်စိရှေ့မှာ ဘာချည်း တွေ့နေတွေ့နေ အတွေးဆီက ပြန်ထွက်လို့ မလွယ်တာနဲ့ပဲ ဂရုမပြုမိတတ်ကြတော့ဘူးတဲ့။ ဆရာကြီးပြောတာ အမှန်ပဲ။ ကျွန်တော် ပါမောက္ခဖြစ်လာတော့ ညနေတိုင်း ရေကာတာပေါ်က ခုံတန်းကလေးမှာ ထိုင်နေတိုင်း ပျံ့လွင့်စရာ အတွေးတွေက အများချည်းပဲ။ ဒီကြားထဲ အစည်းအဝေးတွေ ပိုတက်လာရတော့ ပိုပြီး စဉ်းစားစရာတွေ များလာတယ်။ တစ်ခါတစ်ခါ ကားဂိတ်မှာ လူတွေရှိနေတယ်ဆိုတဲ့ အသိထက် ပိုတဲ့အသိ မရှိတော့ဘူး။ ကားဂိတ်ကလေးရဲ့ ရှိနေခြင်းဟာ အသိတစ်ခုထက် မပိုတော့ဘူး။ တစ်ခါတလေတော့ ခုံတန်းလျားကလေးကနေ ထပြီး အိမ်ဘက် လျှောက်ပြန်လာရင်းနဲ့မှ ကားဂိတ်ကလေးကို သတိရလိုက်လို့ ရှိမှရှိနေသေးရဲ့လားဆိုပြီး လှည့်ကြည့်လိုက်မိတတ်တယ်။ ဆရာကြီးရဲ့ စကားအရ ညနေတိုင်း ရေကာတာဘက်ဆီ လမ်းလျှောက်ထွက်တဲ့အခါ ဖြစ်နိုင်ရင် အဖော်တစ်ယောက်လောက် ခေါ်လိုက်တယ်။ စကားကလေး တပြောပြောနဲ့မို့ စိတ်ပျံ့လွင့်မှု နည်းတာတော့ အမှန်ပဲ။ ကျွန်တော် ပင်စင်ယူကာနီးတော့ ကျွန်တော့်နေရာ ဆက်ခံမယ့်လူ ရွေးရတဲ့အခါ ကျွန်တော်နဲ့ အများဆုံး လမ်းလျှောက်လိုက်တဲ့ တပည့်ပဲ ရွေးလိုက်တော့တယ်။ တချို့ကတော့ သိပ်ဘဝင်မကျဘူး။ မကျလည်း မတတ်နိုင်ဘူး။ သင်းတို့အားလုံးက ပီအိပ်(ချ)ဒီတွေချည်းပဲ။ ကျွန်တော်ရွေးလိုက်တဲ့ တပည့်က အားလုံးထက် သာနေတဲ့အချက်ဟာ ညနေတိုင်း ကျွန်တော်နဲ့လိုက်ပြီး လမ်းလျှောက်ထွက်တာပဲ။


ကျွန်တော်လည်း ညနေတိုင်း လမ်းလျှောက်ထွက်တဲ့အခါ ထီးကိုင်လေ့ရှိတယ်။ နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်းပဲ။ ဘာကြောင့်မှန်းတော့လည်း သေသေချာချာ မသိဘူး။ ကျွန်တော့် တပည့်ကလည်း ဘာကြောင့် ကျွန်တော် ထီးကိုင်လာတယ်ဆိုတာ မမေးဘူး။ သူက တက္ကသိုလ်ရဲ့ အပြင်နားကလေးဆီမှာနေတော့ ညနေတိုင်းဆိုရင် တက္ကသိုလ်ရဲ့ ဝင်းအပြင်နားက အုတ်ခုံကလေးပေါ်မှာလာပြီး ထိုင်စောင့်နေလေ့ ရှိတယ်။ တစ်ခါတလေ ရေကာတာဘက်ဆီ မလျှောက်ကြသေးခင် အဲဒီအုတ်ခုံကလေးပေါ်မှာထိုင်ပြီး စကားပြောကြသေးတယ်။ ပြီးမှ ရေကာတာဘက် လျှောက်ကြတယ်။ ကျွန်တော်တို့နှစ်ယောက်သား ရေကာတာ အဆုံးနားရောက်လို့ ခုံတန်းလျားကလေးပေါ်မှာ ထိုင်ကြပြီးရင် သိပ်မကြာလှဘူး။ ခွေးကြီးတစ်ကောင်နဲ့ လမ်းလျှောက်ထွက်လာတဲ့ လူတစ်ယောက် တွေ့ရတတ်တယ်။ သူကလည်း ပုံမှန်လိုပဲ။ သူကတော့ လူလတ်ပိုင်းပဲ။ ကျွန်တော်တို့ ရှေ့က ဖြတ်လျှောက်သွားတဲ့အခါ အသာပြုံးပြရင်း ခေါင်းညွတ်ပြလေ့ရှိတယ်။ ကျွန်တော်တို့ကလည်း ပြန်ပြီး ပြုံးပြလေ့ရှိကြတယ်။ ကျွန်တော့်တပည့်ကိုတော့ ပြောပြရတယ်။ သင်းကတော့ ပညာတတ်ဖြစ်မယ်။ အက်တိကက်တွေ ဘာတွေလည်း သိမယ့်လူမျုးိပဲလို့။ ဒီဘက်ခေတ်မှာ အက်တိကက်ဆိုတာ သိတဲ့လူက ရှားကုန်ပြီကိုး။ သူက ကားဂိတ်ကလေးရှိရာဘက်ဆီက အပေါ်ဘက်ကို တက်လာတတ်ပေတဲ့ ကားဂိတ်ကလေးဟာ သူနဲ့ ဘာမှမဆိုင်သလိုပဲ။ ကားစောင့်တဲ့လူတွေစာရင်းထဲမှာ ပါပုံမရဘူး။ တစ်နေ့တော့ အကြောင်းမရှိ အကြောင်းရှာပြီး ခင်ဗျားခွေးကြီး ကြည့်ရတာ အတော်ခန့်ညားတာပဲလို့ သူ့ကို ကျွန်တော်က ပြောလိုက်မိတယ်။ သူက ခွေးကြီးဟာ ကျွန်တော့်ရဲ့အဖော်ပဲ။ ကျွန်တော် ဥရောပမှာနေစဉ်ကတည်းက မွေးထားတာ။ ဒီကို ပြန်ခေါ်လာတော့ လေယာဉ်ပျံခကိုက ဒေါ်လာသုံးထောင်လောက် ကျတယ်လို့ ပြန်ဖြေတယ်။ ငါးမိနစ်လောက် သူနဲ့စကားလက်ဆုံ ကျသွားတယ်။ သူကတော့ အငြိမ်းစားသံအမတ်ကြီး ဆိုသလားပဲ။ သူထွက်သွားတော့ ကျွန်တော့် တပည့်က ပြောတယ်။ သူ့ခွေးကြီးမျိုးက ဒေါ်လာငါးထောင်လောက် တန်တယ်ဆိုပဲ။ ဒီလိုဆိုရင်ဖြင့် ခွေးကြီးက ငါ့ထက် တန်ဖိုးရှိတာပဲ။ ငါ့ကို သွားရောင်းလို့ ဘယ်မှာ ဒီလောက်ဈေးရမှာလဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ ဒီတော့ ကျွန်တော့်တပည့်က ပြောတယ်။ ဆရာကြီးကို ရောင်းလို့ အဲဒီလောက် ဈေးမရရင် တော်သေးတာပေါ့။ ကျွန်တော့်ကိုဆိုရင်တော့ အလကားပေးတောင် ယူမယ့်လူ ရှိမှာမဟုတ်ဘူးတဲ့။ ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်သားလည်း ကိုယ်ပြောတာ ကိုယ့်ဘာသာ သဘောကျလို့ ရယ်နေလိုက်မိကြတယ်။ ပြီးမှ ကျွန်တော့် တပည့်က ပြောပြန်တယ်။ အငြိမ်းစား သံအမတ်ကြီးကို ကြည့်ရတာ ကားဂိတ်ကလေးရဲ့ ရှိနေတယ်ဆိုတာကို သတိထားမိပုံ မပေါ်ဘူးတဲ့။ ကျွန်တော်လည်း အတော်ကြာအောင် စဉ်းစားကြည့်နေ မိတယ်။ နောက်တော့မှ မင်းကလည်းကွာ ဒီလောက်ညံ့ရသလား။ အငြိမ်းစားသံအမတ်ကြီးပါလို့ သူ ပြောသားပဲ။ ကားဂိတ်ကလေးရှိနေတာဟာ သူသိစရာမှ မလိုဘဲ။ တတိယကမ္ဘာစစ်ကြီး ဖြစ်လောက်တယ် ဆိုတာမျိုးမှ သူက ထည့်စဉ်းစားမှာလို့ ကျွန်တော်က ပြောလိုက်တယ်။ ကျွန်တော့်တပည့်က ပြုံးပြီး ကောင်းကင်မှာ ပျံသွားတဲ့ ရေဘဲတစ်အုပ်ကို ကြည့်နေတယ်။ ဘရှိုတို့ ဆရာတပည့်တွေ အကြောင်းကိုများ တွေးကြည့်နေမိသလားမသိဘူး။


ကျွန်တော် အနားယူပြီးတော့ ကျွန်တော့်မွေးရပ်ကို ပြန်တယ်။ အဲဒီမှာပဲ အေးအေးလူလူနေရင်း စာရေးစာဖတ် လုပ်တယ်။ နှစ်လ တစ်ခါလောက် ကျွန်တော့်တပည့်ဆီက စာလာတတ်တယ်။ ကျွန်တော့်ဆရာကြီး မဆုံးခင် ဆေးရုံတင်ထားတယ်လို့ သတင်းကြားလို့ ကျွန်တော် လူမမာမေးသွားတော့ ဆေးရုံမှာ ကျွန်တော့်တပည့်နဲ့ ဆုံတယ်။ မသေနိုင်ကြသေးတဲ့ တခြား လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း တွေ့ရတယ်။ ပညာတတ်တွေဆိုတော့ မျက်မှန်ထူထူ ထိပ်ပြောင်ပြောင်နဲ့ ခပ်မွဲမွဲတွေချည်းပဲ။ ဆရာကြီးကတော့ အတော့်ကို အားနည်းနေပုံရပေတဲ့ သတိကတော့ ကောင်းသေးတယ်။ ကောင်းသေးတယ်ဆိုပေတဲ့ သတိရတဲ့အပိုင်းက အတော်သတိရနေပေတဲ့ မေ့တဲ့အပိုင်းကလည်း မေ့နေပြီ။ ကျွန်တော့်ကိုတွေ့တော့ အတော့်ကို ဝမ်းသာသွားပုံရတယ်။ လေသံသဲ့သဲ့နဲ့ ကားဂိတ်ကလေး ရှိသေးလားလို့ ကျွန်တော့်ကို မေးတယ်။ တခြားလူတွေကတော့ ဘာကိုဆိုလိုမှန်း မသိကြဘူး။ ကျွန်တော့် နောက်နားမှာ ရပ်နေတဲ့ ကျွန်တော့်တပည့်နဲ့ ကျွန်တော်ကတော့ ဆိုလိုတာကို သိလိုက်ကြတယ်။ ရှိလိမ့်ဦးမယ်ထင်တယ် ဆရာကြီးလို့ပြောရင်း စစ်ကူတောင်းတဲ့အနေနဲ့ ကျွန်တော့်တပည့်ကို လှည့်ကြည့်လိုက်မိတယ်။ သူက အသာပဲ ခေါင်းညိတ်ပြတယ်။ ကျွန်တော်က ရှိကြောင်း ထပ်ပြောမယ်လို့ ဆရာကြီးဘက် လှည့်ကြည့်လိုက်တော့ ဆရာကြီးက အားမရှိပေတဲ့ ဒေါသရှိနေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေရာက မင်းက ထင်တယ်လို့ ပြောရအောင် ပါမောက္ခဖြစ်သွားတာနဲ့ ရေကာတာပေါ်ကို လမ်းလျှောက်မထွက်တော့ဘူးလားလို့ ဒေါသသံပါတဲ့ လေသံပြင်းပြင်းနဲ့ မေးတယ်။ ကျွန်တော် ပင်စင်ယူတာ ကြာပြီဆရာကြီးလို့ ကျွန်တော်က ရှင်းပြလိုက်တယ်။ ဒီတော့မှ ဟုတ်လားလို့ အံ့သြတဲ့အကြည့်နဲ့ကြည့်ရင်း မေးတယ်။ ကျွန်တော်လည်း နောက်နားက ကျွန်တော့်တပည့်ကို လက်မောင်းကို အသာကိုင်ပြီး ဆရာကြီး ကုတင်နားဆီ ခေါ်လိုက်တယ်။ သူက လက်ရှိပါမောက္ခ ဆရာကြီးလို့ ပြောပြတော့ ဆရာကြီးက ခေါင်းညိတ်ပြတယ်။ ဘာအဓိပ္ပာယ်ရှိမှန်းတော့ မသိဘူး။ ကျွန်တော်တောင် ပင်စင်နီးနေပြီလို့ ကျွန်တော့်တပည့်က တစ်ခွန်းဝင်ပြောတယ်။ ဆရာကြီးက ခေါင်းထပ်ညိတ်ပြရင်း ပြုံးနေတယ်။ သူသိတယ်လို့ ပြောချင်တာပဲထင်ရဲ့လို့ပဲ တွေးကြည့်လိုက်မိတယ်။ ပြန်ကာနီးတော့ ဆရာကြီးက မေးတယ်။ ကားဂိတ်မှာ လူတွေကော ရှိကြသေးသလားတဲ့။ ဒီတော့ ကျွန်တော့်တပည့်က ရှိကြပါတယ်ဆရာကြီး။ ခုဆို ကားဂိတ်ကို အကျအန ပြန်ဆောက်ထားကြတာ အတော်တောင် ကြာသွားပြီ။ ကားစောင့်တဲ့လူတွေထိုင်ဖို့ ခုံတွေနဲ့ အကျအနပဲ။ ကားတွေလည်း အသစ်တွေ။ အရင်က ကားဟောင်းတွေ လမ်းပေါ်မှာ မတွေ့ရတော့ဘူးလို့ ဝင်ဖြေလိုက်တယ်။ ဆရာကြီးကတော့ သူ့ထုံးစံအတိုင်းပဲ ခေါင်းညိတ်ရင်း ပြုံးနေတယ်။ နောက်ဆုံးတော့ ပြန်တော့မယ်လို့ ဆရာကြီးကို ခွင့်ပန်ပြီး ကျွန်တော်တို့ ဆရာတပည့်တွေ အပြန်အလှန် လက်ဆွဲနှုတ်ဆက်ကြတော့ ဆရာကြီးက ကျွန်တော့်လက်ကို မလွတ်သေးဘဲ ကားဂိတ်ကလူတွေ ဘယ်ကိုသွားကြတာလဲလို့ မေးတယ်။ ကျွန်တော်လည်း မဖြေတတ်ဘူး။ ကျွန်တော့်တပည့်ကို လှည့်ကြည့်တော့ သူက မသိမသာ ခေါင်းခါပြတယ်။ ကျွန်တော်လည်း တည့်တည့်ပဲ ဖြေလိုက်တယ်။ မသိဘူးဆရာကြီး။ အကြောင်းသင့်ရင် ကျွန်တော် မေးစမ်းခိုင်းကြည့်ဦးမယ်လို့ ဖြေလိုက်တယ်။


အဲဒီအကြိမ်ဟာ ဆရာကြီးကို ကျွန်တော် နောက်ဆုံးအကြိမ် တွေ့လိုက်ရတာပဲ။ ခြောက်လလောက်ကြာတော့ ဆရာကြီး ဆုံးသွားတယ်။ ဆရာကြီး အသုဘအကြောင်း ကျွန်တော့် တပည့်က နှစ်လတစ်ကြိမ် ပုံမှန်ရေးတဲ့စာထဲမှာ ပါလာတယ်။ အသုဘက မသေနိုင်သေးတဲ့ ပညာတတ်တွေ၊ မလာရင် မကောင်းလို့လာတဲ့ လူတွေနဲ့ စည်ကားပါတယ် . . ။ မျက်ရည်ကျတဲ့ လူတော့ မရှိဘူး . . ။ မကျဆို ကျစရာ အကြောင်းမှ မရှိဘဲကိုး။ ဆရာကြီးတို့ အသက်အရွယ်မျိုးကလည်း သေသင့်တဲ့အရွယ် ရောက်နေပြီ မဟုတ်လား . . ။ ပညာတတ်တွေဆိုတာကလည်း သေမယ်ဆိုတာကို သိသိချည်းနဲ့ စိတ်ရှည်ရှည်ထားပြီး ထိုင်စောင့်နေနိုင်တဲ့ လူတွေပဲ . . စသည်ဖြင့် ပါတယ်။ စာအဆုံးနားဆီမှာတော့ သူလည်း အနားယူဖို့ ပြင်ဆင်နေပြီဆိုတဲ့အကြောင်း ပါတယ်။ ခုတော့ သူနဲ့အတူ ညနေတိုင်း ရေကာတာအပေါ်မှာ လမ်းလျှောက်လိုက်လေ့ရှိတဲ့ တပည့်တစ်ယောက်ကိုပဲ သူ့နေရာအတွက် ရာထားတယ် ဆိုတာလေးကိုလည်း စာအဆုံးမှာ ထည့်ရေးထားတယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော့်အနေနဲ့ စာပြန်လေ့ မရှိဘူး။ ခြောက်လတစ်ကြိမ်လောက်တော့ သူ့ဆီ စာရေးလေ့ရှိတယ်။ ရေးလည်း ကျွန်တော် စိတ်ကူးပေါက်တာ ကလေးတွေ သိချင်တာကလေးတွေ အကြောင်းပဲ။ ဒီတစ်ခေါက်တော့ ချက်ချင်းလိုပဲ စာပြန်ရေးလိုက်မိတယ်။ ရေးလိုက်ရတာက အကြောင်းနှစ်ခုရှိတယ်။ တစ်ချက်ကတော့ သူလည်း အနားယူတော့မယ်ဆိုတဲ့အတွက် သူအနားယူရင် အဆက်အသွယ် ပြတ်သွားကြမှာ စိုးတာရယ် နောက်တစ်ချက်ကတော့ ဆရာကြီး ကျွန်တော့်ကို မေးခဲ့တာကလေးကို သူ့ကို မေးကြည့်ချင်လို့ပဲ။ ဆရာကြီးက ကားဂိတ်ကလူတွေ ဘယ်ကို သွားကြတာလဲလို့ ကျွန်တော့်ကို မေးခဲ့ဖူးတယ်။ အဲဒီတုန်းက ကျွန်တော်က မေးစမ်းကြည့်ဦးမယ်လို့ ပြောခဲ့ပေတဲ့ နောက်ပိုင်းမှာ မေးစမ်းကြည့်ဖို့ သတိမရဘူး။ ဒီတော့ ကျွန်တော့် တပည့်ဆီကို ချက်ချင်း စာပြန်တဲ့အထဲမှာ မင်း ပင်စင်မသွားခင် ရေကာတာဘောင်ပေါ် လမ်းလျှောက်ထွက်တဲ့အခါ ကားဂိတ်ကလူတွေ ဘယ်ကိုသွားကြတာလဲ ဆိုတာလေး မေးကြည့်စမ်းပါလို့ ထည့်ရေးလိုက်ခဲ့တယ်။ ဒီတစ်ကြိမ်တော့ ကျွန်တော့်တပည့်ဆီကစာကို စောင့်ရတာ အတော့်ကို ကြာပုံရတယ်။ ကျွန်တော့် စိတ်ထဲမှာ လောနေမိလို့လည်း ဖြစ်မယ်။ ဒါပေတဲ့ မဟုတ်ဘူး။ နှစ်လတစ်ကြိမ် လကုန်ပိုင်းလောက်မှာ လာနေကျသူ့စာ ရောက်မလာဘူး။ သုံးလနီးပါး ကြာသွားတယ်။ သူ့စာရောက်လာတော့ ကျွန်တော်လည်း အတော့်ကို စိတ်လှုပ်ရှားနေမိတယ်။ သူ့စာက ပုံမှန်ထက် ထူတယ်။ ဖွင့်ဖတ်လိုက်တော့ စာရဲ့အစမှာ ခါတိုင်းလို နှစ်လတစ်ကြိမ် ပုံမှန်မရေးဖြစ်တာရဲ့ အကြောင်းရင်းကို သိရတယ်။ သူ အနားယူတော့ဖို့ အပြီးသတ် ပြင်ဆင်နေလို့ပဲတဲ့။ ဒီစာဟာ သူ့ရဲ့ ပါမောက္ခ ဘဝကနေ နောက်ဆုံးရေးလိုက်တဲ့ စာပဲတဲ့။ ရေကာတာဘောင်ပေါ်မှာ သူ့နေရာဆက်ခံမယ့် သူ့တပည့်နဲ့အတူ လမ်းလျှောက်လာပြီး ပြန်အလာမှာ ထိုင်ပြီးရေးလိုက်တဲ့ စာပဲတဲ့။


သူ့စာကိုဖတ်ရင်း ကျွန်တော့်မှာ မဖြစ်စဖူး စိတ်လှုပ်ရှားမှုတစ်ခုဖြစ်လာတယ်။ ဘယ်လိုရယ် ဘာ့ကြောင့်ရယ်ဆိုတာတော့ မပြောတတ်ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အတော်ကလေး သတိထားပြီး ဆက်ဖတ်လိုက်မိတယ်။ နောက်ဆုံးစာမျက်နှာလောက်ဆီမှာတော့ သူက ခုလို ရေးထားတယ်။ . . ကနေ့ညနေတော့ ကျွန်တော်လည်း ကျွန်တော့်တပည့်နဲ့အတူ ရေကာတာဘောင်ပေါ် လမ်းလျှောက်ထွက်မိတယ်။ ပါမောက္ခ တစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ်ပေါ့ခင်ဗျာ။ ဆရာရဲ့ ပါမောက္ခအဖြစ်ကနေ အနားယူမယ့် နောက်ဆုံးနေ့မှာ ဆရာနဲ့ကျွန်တော် လမ်းလျှောက်ကြတာကို သတိရလိုက်မိတယ်။ အဲဒီနေ့တိုင်းက ဆရာလည်း ဆရာ့ဆရာကြီးနဲ့အတူ လမ်းလျှောက်ခဲ့ကြတာကို သတိရကောင်း ရလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော်နဲ့ ကျွန်တော့်တပည့်တို့ နှစ်ယောက်သား ခုံတန်းလျားလေးပေါ်မှာ ထိုင်လိုက်ကြတော့ ကျွန်တော့် စိတ်ထဲမှာ ဝမ်းသာသလိုလို ဝမ်းနည်းနေမိသလိုလိုပဲ။ ဘာကြောင့်ဆိုတာတော့ မသိဘူး။ ဝမ်းနည်းသလားဆိုတော့လည်း ပျော်နေသလိုပဲ။ ဝမ်းသာနေသလိုဆိုတော့လည်း အားငယ်နေသလိုပဲ။ ကျွန်တော့်တပည့်ကလည်း အတော်နှုတ်နည်းတယ်။ မနက်ဖြန်ဆိုရင် သူ ပါမောက္ခဖြစ်တော့မယ်ဆိုပေတဲ့လည်း သူ့မျက်နှာ ဝမ်းသာပုံ ဝမ်းမြောက်နေပုံတွေ မတွေ့ရဘူး။ ကျွန်တော်လည်း ထိုင်နေရင်း ကားဂိတ်ကလေးဆီ လှမ်းကြည့်လိုက်မိတော့ ကားဂိတ်ကို မတွေ့ရတော့ဘူး။ လန့်သလို ဖြစ်သွားမိတယ်။ ဒါနဲ့ပဲ ကျွန်တော့်တပည့်ကို မေးလိုက်တယ်။ ကားဂိတ် ဘယ်ရောက်သွားသလဲလို့။ ဒီတော့ သူက ဖြေတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကပဲ ဟိုးဘက်နားဆီကို ရွှေ့လိုက်ကြတယ်။ လမ်းပုံစံကို ပြောင်းပစ်မှာမို့လို့ ဒီနေရာမှာ ကားဂိတ်မထားတော့ဘူးလို့ ကြားရတာပဲ။ ဆရာလည်း ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်အတွင်းမှာ အလုပ်များနေလို့ ဒီဘက်မရောက်တာနဲ့ မသိလိုက်ဘူးထင်တယ်လို့ ဖြေတယ်။ ကျွန်တော်လည်း ဆရာ့စာကို ချက်ချင်းသတိရ လိုက်မိတယ်။ ဒါနဲ့ပဲ ကျွန်တော့်တပည့်ကို ကားဂိတ်ကလူတွေ ဘယ်ကိုသွားကြတာလဲလို့ မေးလိုက်မိတယ်။ သူက တစ်နေရာရာကို သွားကြတာတော့ သေချာတယ်။ ဘယ်သွားတာပဲရယ်လို့တော့ အတိအကျ ပြောနိုင်မယ် မထင်ဘူးလို့ ဖြေတယ်။ ကျွန်တော်လည်း သူ့ကို ဘာမှပြန်မဖြေဘဲ ကားဂိတ်ရှိခဲ့ဖူးတဲ့ နေရာကိုပဲ ကြည့်နေမိတယ်။ အတော်ကလေးကြာတော့ သူက မေးတယ်။ အခု မရှိတော့တဲ့ ကားဂိတ်ဆီကိုလာပြီး ကားလာစောင့်တဲ့ လူတွေ အကြောင်းကို ဘာကြောင့် ဆရာက သိချင်တာလဲတဲ့။ ကျွန်တော်လည်း သူ့ကို ဖြေလိုက်တယ်။ ဆရာ့အနေနဲ့ သိချင်လို့တော့ မဟုတ်ဘူး။ ဆရာ့ရဲ့ ဆရာက ဆုံးသွားတဲ့ သူ့ဆရာကြီးက သိချင်လို့မေးခဲ့တာကို ဆရာ့ဆီ လှမ်းမေးလို့ပါလို့ ဖြေလိုက်တယ်။ ကျွန်တော့် တပည့်က ချက်ချင်း ဘာမှပြန်မပြောဘူး။ နောက်တော့မှ ဆရာရယ် မရှိတော့တဲ့ ကားဂိတ်က ဘယ်ကိုသွားကြမှန်းမသိတဲ့ လူတွေ၊ ဘယ်ကို သွားကြတယ်မသိဘူးဆိုတဲ့အကြောင်းကို သေသွားလို့ မရှိတော့တဲ့ လူတစ်ယောက်ကို ပေးစရာ အဖြေလိုသလားလို့ သူကမေးတယ်။ ကျွန်တော်လည်း သူ့ကို ဘာမှပြန်မဖြေဘဲ ကိုယ့်ဘာသာတွေးရင်း ခေါင်းညိတ်နေလိုက်မိတယ်။ နောက်တော့ ကျွန်တော်တို့လည်း ထပြန်လာခဲ့တယ်။ တက္ကသိုလ်ဘက်ဆီ လျှောက်လာကြရင်း ကျွန်တော်က ကျွန်တော့်တပည့်ကို တစ်ခုမေးကြည့်မိတယ်။ မင်းနဲ့ငါ လမ်းလျှောက်ထွက်တိုင်း နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း ငါ့လက်ထဲမှာ ထီးတစ်ချောင်းကိုင်လေ့ ရှိတယ်။ ဘာဖြစ်လို့ ငါ ထီးကိုင်သလဲဆိုတာကို မင်း သိချင်သလားလို့။ သူက ချက်ချင်းပဲ ပြန်ဖြေတယ်။ ကျွန်တော် မသိချင်ပါဘူးတဲ့။ ပြီးတော့ လောကမှာရှိနေတဲ့ အရာတိုင်းကို ကျွန်တော်တို့ သိနေစရာမှမလိုဘဲလို့ ဆက်ပြီးပြောတယ်။ ကျွန်တော်လည်း ကျွန်တော့်လက်ထဲက ထီးကို သူ့ကို လှမ်းပေးလိုက်ပြီး ရော့ မင်းယူထားလိုက်။ မင်းကို ငါ့မှာ ပေးစရာ ဒါပဲရှိတယ်လို့ ပြောရင်း ပေးလိုက်တယ်။ သူက ထီးကိုယူလိုက်ရင်း ဟန်ကျပန်ကျ တစ်ချက်လွှဲကြည့်လိုက်ပြီး လမ်းလျှောက်လိုက်ပုံက အရာရာကို ကျေနပ်လို့ ပြီးမြောက်သွားခဲ့တဲ့ပုံမျိုးပဲ။ မနက်ဘက်ဆိုရင် ပါမောက္ခဖြစ်တော့မယ်ဆိုတာကိုတောင် သူ့ခမျာ မေ့နေသလိုပဲတဲ့။


ကျွန်တော့်တပည့်ရဲ့စာဆုံးသွားတော့ ကျွန်တော့်ဆရာကြီးကို သတိရလိုက်ပေတဲ့ စိတ်ထဲမှာ ပေါ့သွားသလိုပဲ။ ကျွန်တော့်ကို ဆရာကြီး ပေးခဲ့တဲ့ ထီးကိုလည်း သတိရလိုက်မိတယ်။ အပြင်ဘက်ဆီ ကြည့်လိုက်တော့ ကောင်းကင်ကြီးက မှုန်တုံတုံ မှိုင်းတိုင်းတိုင်းပဲ။ လမ်းထွက်လို့ မိုးရွာခဲ့ရင် ခက်မယ်။ ဆရာကြီးပေးခဲ့တဲ့ထီးကို ကျွန်တော့် တပည့်ကို ပေးလိုက်ခဲ့ပြီးကတည်းက ထီးတစ်ချောင်း ထပ်ဝယ်ထားဖို့ဆိုတာ ကျွန်တော် စိတ်ကူး မကြည့်ခဲ့ဖူးဘူး။ တစ်ခုတော့ရှိတယ်။ လမ်းထွက်လို့ မိုးရွာကာမှ ထီးလိုမယ်။ အိမ်ထဲကနေပြီး အပြင်မှာ မိုးရွာတာကို လှမ်းကြည့်နေရုံနဲ့တော့ ကျွန်တော့်ကို မိုးစိုမှာမဟုတ်ဘူး။ ဒီလိုဖြင့် ဘာဖြစ်လို့ ထီးတစ်ချောင်း ဝယ်ရမှာလဲ။ တကယ်တော့ ကျွန်တော့်မှာ ထီးတစ်ချောင်းရှိဖို့ဆိုတဲ့ကိစ္စဟာ ဆင်ခြင်တုံတရားရဲ့ ကိစ္စပဲ။ တကယ်ရှိတာ မရှိတာက သိပ်အရေးမကြီးဘူး။ ကားဂိတ်ကလူတွေ ဘယ်ကိုသွားကြမှန်း မသိလို့လည်း သိပ်အရေးမကြီးလှဘူးဆိုတဲ့ သဘောပဲ မဟုတ်လား။ ။






မြင့်သန်း

source: Third Heaven