Mar 14, 2019

ပတ်လိုက်ကြပေါ့

အရင်က နေက ကမ္ဘာကိုပတ်ပေမယ့်
ခုကျ ကမ္ဘာက နေကိုပတ်လေပြီ


အရင်က နေက ကမ္ဘာကိုပတ်တုန်းကလည်း
ပတ်လိုက်ကြပေါ့
ခုကျ ကမ္ဘာက နေကိုပတ်ပြန်တော့လည်း
ပတ်လိုက်ကြပေါ့


သားစဉ်မြေးဆက် ဒီလိုပတ်တယ်ဆို
ပတ်လိုက်ကြပေါ့
သားစဉ်မြေးဆက် ဟိုလိုပတ်တယ်ဆို
ပတ်လိုက်ကြပေါ့


ဟိုလိုပတ်လိုက်ကြပေမယ့်
ဒီလိုပတ်တုန်းက နစ်နာသမျှကို
ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ပဲ
ဗိုလ်နေမြဲ ကျားနေမြဲ


နောင်ကျ ကမ္ဘာ နဲ့ နေ က 
ဘာကိုများ ပတ်လေမလဲ
အဲ့ဒိခါ တရားတွေဘာတွေ စွဲလေမလား
တရားတွေဘာတွေရော ရှိမှာလား


သိချင်သိမယ် မသိချင်မသိဘူး
မသိချင်လို့ မသိတာကို
မသိလို့ မတရားဘူးထင်ရင်လည်း
ပတ်လိုက်ကြပေါ့
တရားတယ်ထင်ရင်လည်း
ပတ်လိုက်ကြပေါ့


အတည်ပြုလိုက်ကြ သတ်မှတ်လိုက်ကြ
လိုက်နာလိုက်ကြ လိုက်နာခိုင်းကြ
မလိုက်နာလိုက်ကြ မလိုက်နာခိုင်းကြ
ရှာဖွေလိုက်ကြ ဂုဏ်ပြုလိုက်ကြ


တွေ့ရှိလိုက်ကြ (အသစ်တွေ)
တွေ့ရှိလိုက်ကြ (မျိုးကွဲတွေ)
တွေ့ရှိလိုက်ကြ (အမှားတွေ)
တွေ့ရှိလိုက်ကြ (ချွင်းချက်တွေ)
တွေ့ရှိလိုက်ကြ (ကနကောဇတွေ)
ပတ်လိုက် လိုက်ပတ် 
ပတ်လိုက်ကြပေါ့


လူဟာ နှယ်နှယ်ရရမဟုတ်
ငါးဟာ 
ဘယ်လိုလူတွေ ဘာစားလဲ မသိပေမယ့်
လူတွေက 
ဘယ်လိုငါးတွေ ဘာစားလဲ သိတယ်
လူတွေက 
ဘယ်လိုငါးတွေ ဘယ်အချိန်အိပ်လဲ သိတယ်
လူတွေက 
ဘယ်လိုငါးတွေ ဘယ်အချိန်မျိုးပွားလဲ သိတယ်


လူဟာ နှယ်နှယ်ရရမဟုတ်
အားလုံးမသိဘူးလို့ သိလျက်ပဲ
သိလာသလောက်နဲ့ ဘဝကိုတောင်ရင်းသဟဲ့
တွေ့ရှိလိုက်ကြသမျှ အတည်ပြုကြတာနဲ့
အသိပညာတဲ့ (လိပ်ပြာသန့်သန့်ပဲ)
အသိပညာ ဆိုလည်း ညာလိုက်ကြပေါ့
သိသလောက်နဲ့ ရင်းဆိုလည်း ရင်းလိုက်ကြပေါ့
ပတ်လိုက်ကြပေါ့။

14 Mar 2019 (1:18 AM)