Feb 9, 2019

ကြက်လျာစွန်း


မြို့အထွက် လမ်းဆုံလမ်းခွတွင် ကြက်လျာစွန်းမြက်ခင်းတခုရှိနေသည်။ ယင်းမြက်ခင်းကို သံချည်သံကွေး အတတ်ဖြင့် လှပအောင် အဝိုက် အလိမ်များပုံဖော်၍ ကာရံ ဘောာင်ခက်ထားလေသည်။ အတော်အတန် ကျယ်သော မြက်ခင်းပေါ်တွင် လူသုံးယောက် သက်တောင့် သက်သာဖြင့် ကောင်းကင်ကို အတူမော့ကြည့်နေကြရင်း ပက်လက်လှန်လျက် လဲလျောင်း နေသည်။ ဘေးက လူတယောက်စာလွတ်နေတဲ့ မြက်ခင်းမှာ ဂစ်တာတလုံးကလည်း သူတို့နဲ့အတူ လဲလျောင်းနေသည်။ ကြက်လျာစွန်း ထောင့်တခုမှာတော့ ရေဗူး၊ မီးခြစ်နဲ့ ဆေးပေါ့လိပ်တွေ ပြန့်ကျဲနေသည်။ နွေဦးကာလ ညဦးယံအချိန်မှာ ကောင်းကင်က ကြယ်တွေ ကိုမြင်နေရပေမယ့် မီးရောင်စုံတွေကြောင့် သိပ်အထင်ရှားကြီးတော့မဟုတ်။ ကားတွေက ဘေးကနေ တဝီဝီနဲ့ ဆက်တိုက် ဖြတ်သွားချိန်မျိုးမှာဆိုရင် လေအေးအေးတွေအလုံးလိုက်အရင်းလိုက် အတင်းတိုးဝင် ဖြတ်တိုက်သွားကြသည်။ 

လမ်းမလယ်ခေါင်ရဲ့ ဟင်းလင်းဖြစ်မှုနဲ့ လေတသုန်သုန်တိုက်ခက်နေမှုက စကားသံကို သာမာန်ထက်ပိုအားထုတ်ပြီး ကျယ်အောင်ပြောနေရသလိုဖြစ်နေသည်။ အသွားအလာရှင်းပြီး တိတ်ဆိတ်နေချိန်မှာတော့ ထိုအသံများ ပဲ့တင်ထပ်သွားတတ်သည်။ စကားသံတွေက ကြားနေရပေမယ့် ဘာတွေပြောနေလဲဆိုတာတော့ သေချာမသဲကွဲပဲ ငြီးတွားနေသလို ထင်ရသည်။ ပက်လက်လှန်နေတဲ့ အရပ်ရှည်ရှည်နှင့် လူက ကောင်းကင်ကို ကြည့် နေရင်း တခွန်းနှစ်ခွန်း ဆောင့်အော်ပြောလိုက်၊ ပြီးတော့မှ တိုးတိုးလေး ပါးစပ်လှုပ်ရုံပြောလိုက်၊ လှောင်ရယ်ရယ်လိုက်နှင့် အခြားနှစ်ယောက်ကို အကြောင်းအရာ တခု ပြန်လည်ပြောပြနေသလို ထင်ရသည်။ သူ့ဘေးတဖက်မှာ ပက်လက်လှန်နေတဲ့ အရပ်ပုပု၊ အာခေါင်အစ်သံနှင့်လူက တချက်တချက်တွင် "အင်း" "အဲ" စသည်ဖြင့် စကား ထောက်၍ ထောက်၍ ပေးနေသည်။ အခြားဘေးတဖက်မှာ ပက်လက်လှန်နေတဲ့ ငှက်သိုက်ခေါင်းပေါ်တင်ထားသလို ကောက်ကောက်ကွေးကွေး ဆံပင်ပုံစံနှင့်လူက တခုခုရှင်းပြတော့ မလို ခေါင်းလှည့်ကြည့်ပြီး စကား စ လိုက်မယ်ကြံတိုင်း၊ အရပ်ရှည်ရှည်နဲ့လူက ဆောင့်အော်ပြောရင်း ကနေ ရေပတ်မဝင်အောင် တဒီးဒီးဆက်ပြောနေရင်းမို့ လမ်းခုလပ်မှာ စကားစ ပြတ်ပြတ်သွားသလို ဖြစ်နေသည်။

ဂစ်တာမှာ ၄ ကြိုးတချောင်းပြတ်နေသည်။ အစောပိုင်းက ဂစ်တာတီးကြပုံပေါ်သည်။ ကြိုးပြတ်သွားသည်နှင့် သက်တောင့်သက်သာလဲလျောင်းနေရင်း လေညှင်းခံကာ စကားပြောနေကြသည်ထင်၏။ သိပ်မကြာခင်မှာပဲ မိန်းမစီးစက်ဘီးတစီး ကြက်လျာစွန်းအုတ်ဘောင်နား ကပ်နင်းလာရင်း တိတ်ဆိတ်နေတဲ့ညကြီးထဲ ဘရိတ်ကို ကျွီခနဲ ဆွဲဆွဲငင်ငင်အသံဖြင့် ဆူညံသွားအောင် အုပ်လိုက်သည်။ ခြေထောက်တဖက်ကလည်း အုတ်ဘောင်ကို လှမ်းထောက်ရင်း စက်ဘီးပေါ်ကမဆင်းပဲ အရပ်ရှည်ရှည်နဲ့လူကို အဘိုးကြီးများအား တရိုတသေနှုတ်ဆက်သည့် အခေါ်အဝေါ်ဖြင့် တမင်ဟန်လုပ်ကာ လှမ်း စ လိုက်သည်။ အရပ်ရှည်ရှည်နဲ့လူက ငေါက်ကနဲ ထထိုင်ပြီး ပျော်ရွှင်မြူးတူးသွားကာ၊ "အဆင်ပြေလား"ဟု မေးသည်။ အခြားနှစ်ယောက်လည်း ပက်လက်လှန်ရင်းက ခေါင်းတွေ ကိုယ်စီ ကြွရင်း စက်ဘီးနဲ့လူကို လှမ်းကြည့်နေကြသည်။ အဖြေတစုံတခုကို မျှော်လင့် နေပုံပင်။ စက်ဘီးနှင့်လူက ခေါင်းညိတ်ပြလိုက်သည်။ ရှေ့ခြင်းထဲက ရေသန့်ဗူးကို ဖွင့်ပြီး  မော့သောက်ရင်း မျက်လုံးက သူတို့ဆီ လှမ်းကြည့်နေသည်။ တခုခုပြောချင်ပေမယ့် သောက်လည်းသောက်ချင်နေတာမို့ ပြိုင်တူလုပ်မိနေသလိုထင်ရသည်။ အားရပါးရမော့သောက်ပြီးမှ အဖုံးကို တရိုတသေ ပြန်ပိတ်ရင်း ကိုယ်ကို ရှေ့ကိုကိုင်းပီး ခြင်းထဲ အသာ ပြန်ထည့်လိုက်သည်။ "ပြေတယ် .. အကုန်ရောက်နေပြီ" လို့ အလေးအနက်ပုံစံနဲ့ တည်တည်ငြိမ်ငြိမ် ထပ်ပြောလိုက်သည်။ အာခေါင်အစ်သံနဲ့လူက စ ပြီး "ကဲ .. ထကြဟေ့ .. ဒါဆိုလည်း သွားကြစို့" လို့ ညာသံပေးသလို အသံနေအသံထားဖြင့် ပြောလိုက်သည်။ 

ဆံပင်ကောက်လိမ်နေတဲ့ လူက စိတ်မပါတပါနဲ့ လေးကန်ကန် ထ ထိုင်ရင်း ဆေးပေါ့လိပ်တလိပ်ကို ယူကိုက်ကာ မီးခြစ်ကို လက်နဲ့ကွယ်ကာ တဂျစ်ဂျစ်နှင့် ခြစ်နေသည်။ လေက တိုးနေတာမို့ ဂျင်းဂျာကင်နဲ့ကာပြီး ကြိုးစား ပမ်းစား သုံးလေးခါ ခြစ်ပြီးမှ ပါးစပ်က ပွစိပွစိလုပ်ရင်း အငွေ့တွေ ထွက်လာရတော့သည်။ မီးညှိပြီး တဖွာနှစ်ဖွာသောက်ရင်း ပြန့်ကျဲနေတဲ့ ဆေးပေါ့လိပ်တွေနဲ့ ရေဗူးကို လက်နှစ်ဖက်နဲ့ ပွေ့ကိုင်ကာ စက်ဘီးခြင်းဆီ ထလျှောက်သွားပြီး လုံးထွေး ထည့်ထားလိုက်သည်။ အရပ်ရှည်ရှည်နဲ့လူက ကြိုးပြတ်နေတဲ့ဂစ်တာကို လက်တံက ကိုင်မလိုက်ပီး ပုခုံးပေါ်ထမ်းလျှောက်ဖို့ ဟန်ပြင်လိုက်သည်။ အာခေါင်အစ်သံနှင့်လူက စက်ဘီးနဲ့လူကို ရှေ့ကနေသွားနှင့်ခိုင်းလိုက်ပြီး လက်ကလည်း အရပ်ရှည်ရှည်နဲ့လူဆီက ဂစ်တာကို လှမ်းဆွဲယူလိုက်သည်။ 

စက်ဘီးနဲ့လူက အခုမှ လမ်းပေါ်ကို ခြေချဆင်းလိုက်ပြီး နောက်ဘီးကြွအောင် စက်ဘီးဖင်ထိုင်ခုံကနေ ကိုင်မ မြှောက်ကာ သူလာခဲ့ရာလမ်းဘက်ကို လှည့်ကွေ့ဦးတည်လိုက်သည်။ ပြီးတော့မှ ဂိုက်တံကို လက်နဲ့ မကိုင်ပဲ လူစီးဖင်ထိုင်ခုံကိုပဲကိုင်ပီး ဂိုက်တံတည့်နေဖို့ ဟန်ချက်ညီအောင် လိုက်ထိန်းရင်း မှန်မှန်တွန်းသွားလေတော့သည်။ ခြင်းထဲက ရေခွက်၊ ရေဗူးနဲ့မီးခြစ်တွေထိခိုက်မိသံက လမ်းတလျှောက်ညံနေသည်။ နောက်ကနေ  လူသုံးယောက်က တဖြေးဖြေးနဲ့ တလှမ်းချင်းလျှောက်ကာလိုက်သွားကြလေသည်။ အာခေါင်အစ်သံနဲ့လူက ဂစ်တာကို လမ်းလျှောက်ရင်း တီးသွားသည်။ အရက်သမားတွေကို အကောင်းမြင်တဲ့ရှု့ထောင့်က ရေးထားတဲ့ စာသားတွေပါတဲ့သီချင်းကို လေးလေးပင်ပင်ဆိုရင်း လေးကြိုးမရှိတဲ့ ဂစ်တာကို အသံမြည်အောင် တီးနေခြင်းဖြစ်သည်။ အရပ်ရှည်ရှည်နဲ့လူက ရှေ့က စက်ဘီးနဲ့လူကို အော်ပီး စကားတွေလှမ်းပြောနေသည်။ ဆံပင်ကောက်ကွေးနေတဲ့လူက အသံသေးသေးစူးစူးနဲ့ အာခေါင်အစ်သံနဲ့လူ ဆိုတဲ့သီချင်းကို ဟာမိုနီလိုက်ပေးနေသည်။ 

ညဟာ တိတ်ဆိတ်လာသည်။ သူတို့လည်း တရွေ့ရွေ့ ဝေးသွားနေသည်။ သီချင်းသံလည်း တိုးတိုးသွားသည်။ ကြက်လျာစွန်းက မြက်တွေက ပိလဲကျနေကြတုန်းပင်ရှိသေးတယ်။ နီယွန်မီးတွေက ပိုစူးရှလာသလို ထင်ရသည်။ စစ်တပ်ရှိရာဘက်ကို ပြန်သွားတဲ့ တီအီးကားကြီးတွေရဲ့ ဘရိတ်သံ တချက်ချက်ကြားရသည်။ တည်ရှိခြင်းတွေဟာ သူ့အခြေအနေအရ ပျောက်ကွယ်သွားရသလို အရာရာဟာ မသိမသာပြောင်းလဲနေကြသည်လို့ အတွေးဝင်လာမိသည်။ သိသိသာသာပြောင်းလဲတဲ့အခါလည်း ရှိသည်ကို ထပ်တွေးမိပြန်သည်။ ဥပမာ မိုးချုပ်ရာကနေ နေ့ခင်းကြောင်တောင်ဖြစ်သွားသလိုပေါ့။